ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဟိုပုံးမြို့ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၌ ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ဟိုပုံး နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ  တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ ဘုရင့်နောင်ခန်းမ၌ ယနေ့နံနက် (၇) နာရီခွဲက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၇/၂၀၂၄) ဖွင့်ပွဲကို ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဘက်နယ်ဘက်အရာရှိကြီးများ၊ ဌာဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နိုင်ငံတော်အလံအလေးပြုကြပြီး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်သိန်းနိုင်က အဖွင့်မိန့်ခွန်းပြောကြားသည်။  

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က နိုင်ငံသားတိုင်း အသက် (၁၈) နှစ် ပြည့်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်ပါက မဖြစ်မနေစစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များထားရှိပြီး သင်တန်းတက်ရောက်၍ စစ်ပညာများကို အလေးအနက်ထားသင်ယူကြရန်၊ နိုင်ငံ့သားကောင်းတစ်ယောက်အနေဖြင့် ကျရာတာဝန်များကို အကောင်းဆုံးကြိုးစားထမ်းဆောင်ပေးကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၇/၂၀၂၄) သင်တန်းအတွက် ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီးမှ လက်ခံရယူပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်၀ာန်း အမှတ်စဥ် (၇/၂၀၂၄)အား သင်တန်းသား (၄၀၇) ဦး တက်ရောက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)