တပ်ကုန်းမြို့နယ်၌ ကျေးရွာနှစ်ရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာနှင့် ရွှေဥဒေါင်းကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများတွင်  စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်မည့်မြေနေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းတို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီးနောက် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ရှင်းလင်းမှာကြားခဲ့သည်။

အဆိုပါ ကျေးရွာများတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှမတည်ငွေဖြင့် အလျား ၂၀ပေ၊ အနံ ၂၁ ပေရှိ တစ်ထပ်စာကြည့်တိုက်အဆောက်အဦသစ်များ တည်ဆောက်ကြမည်ဖြစ်ကြောင်းသိရပြီး၊ ဒေသခံပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းအဓိက ဆောင်ရွက်ကြကြောင်း သိရသည်။

တင်စိုးလွင်