စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပါဝင်သင်ကြားနိုင်ရေးဆွေးနွေး

မိုင်းယောင်း နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် စဉ်ဆက်ပညာရေးတွင် ပါဝင်သင်ကြားနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီက ဖြူစင်မိုင်းယောင်းအသင်းရုံး၌ ကျင်းပခဲ့သည်။

မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ကြက်ခြေနီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းလိစာပေနှင့်ယဉ်ကျေးမှုးအသင်း၊ လားဟူစာပေနှင့် ယဉ်ကျေးမှုးအသင်း၊ အာခါစာပေနှင့်ယဉ်ကျေးမှုးအသင်းနှင့် ဖြူစင်မိုင်းယောင်းအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်သည့် အဆိုပါဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက မှတ်ပုံတင်ထားသော လူမှုရေးအသင်းအဖွဲ့ များအနေဖြင့် စဉ်ဆက်ပညာရေးတွင် ပူးပေါင်းပါဝင်သင်ကြားနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရှင်းလင်းခြင်း၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်ရင်းရေး ကြီးကြပ်မှုအဖွဲ့ လုပ်ငန်းတာဝန်များ၊ မြို့ပေါ်လုံခြုံရေး ဆောင်ရွက်ပေးမှူများကို ရှင်းလင်းပြောကြားခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်အထိ (၁) ရက်လျှင် (၃) နာရီနှင့် စာသင်ဝိုင်း (၄၃) ဝိုင်း၊ စာသင်သား (၆၅၇) ဦး၊ ကြီးကြပ် (၄) ဦး၊ နည်းပြ (၈၆) ဦးဖြင့် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ မိမိဌာနလုပ်ငန်းဆောင်ရွက်ချက်များအား သင်တန်းအချိန်ဇယားတွင် (၁) ချိန်စီ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)