ကျောက်တန်း နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (မြို့မ)အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေသံလွင်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်အုပ်ကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကိုအောင်မြင်စွာပိတ်သိမ်းခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနား တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)