ချမ်းအေးသာစံမြို့နယ်တွင် ၂ဝ၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ တိုင်းဒေသကြီးအဆင့်အခမ်းအနား ကျင်းပ

အောင်မြေသာစံ နိုဝင်ဘာ ၂၆

၂ဝ၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ လမ်း ၈၀၊ ၃၂×၃၃ လမ်းကြားရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမတွင် ယမန်နေ့နံနက် ၈နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊  စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်​ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ စုစုပေါင်း ၇၀၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် အ.ထ.က (၁၄) မှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပိုသည့် သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ အဆိုပါကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။ ၎င်းနောက် အ.ထ.က (၁၄) မှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။

အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို လှုပ်ရှားဆောင်ရွက်မှုများ၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီများနှင့် ပျော်ရွှင်ဖွယ်အားကစားအစီအစဉ်များ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမ်းအနား တက်ရောက်လာကြသူများအား (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)