တောင်ကြီး နိုဝင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဖတ်ကြားသည်။
၎င်းနောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင်ပေးရာ စာစီစာကုံးပထမဆုရ အ.ထ.က(ခွဲ) ယမ်းတွင်း၊ ရပ်စောက်မြို့နယ်မှ မနှင်းနုဝေ၊ ဒုတိယဆုရ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ညောင်ရွှေမြို့နယ်မှ မဆုပြည့်ပြည့်ခိုင်၊ တတိယဆုရ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ်မှ မပြည့်ဖြိုးလှိုင်တို့အား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများချီးမြှင့်ပေး၍လည်းကောင်း၊ အထက်တန်းဆင့် ကဗျာပြိုပွဲတွင် ပထမဆုရ စာပန်းရိပ်ကိုယ်ပိုင်အထက်တန်းကျောင်း ကလောမြို့နယ်မှ မချမ်းမြေ့နိုင်၊ ဒုတိယဆုရ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဟိုပုံးမြို့နယ်မှ နန်းစန်းစန်းထွေး၊ တတိယဆုရ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း တောင်ကြီးမြို့နယ်မှ နန်းဖောင်းနွန်းတို့အား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများချီးမြှင့်ပေးကြသည်။
ယင်းနောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပေးကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)