ခရမ်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ခရမ်း နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ခရမ်းမြို့အ.ထ.က(၁)စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်စိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ထက်ထက်တို့က ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ခရမ်းပြန်/ဆက်