ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို၊ ယမန်နေ့ နံနက်(၉)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ စုစုပေါင်း ၁၈၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)