စဉ့်ကိုင်မြို့နယ်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၂၆

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ယနေ့တွင်ကျရောက်သည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်လည်း ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အ.ထ.က(စဉ့်ကိုင်)မှ ကျောင်းသား/သူများမက ဇာတိမာန်သီချင်းဖြင့် သီဆို၍အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဗိုလ်အောင်မောင်မောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။ ၎င်းနောက် အ.ထ.က (စဉ့်ကိုင်)မှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဧည့်ခံဖျော်ဖြေ၍အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းနှင့်အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

(၁၀၄)နှစ်‌‌မြောက် အမျိုးသားအောင်ပွဲ‌နေ့အထိမ်းအမှတ်အခမ်းအနားသို့ စဉ့်ကိုင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ မြို့နယ်လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဥာဏ်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)