ရေးမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရေး နိုဝင်ဘာ ၂၆

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အထက (၁) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ တပ်နယ်မှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်နှင့်အဖွဲ့ဝင်များ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးအေးဝင်းခိုင်နှင့် အဖွဲ့ဝင်များ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အထက (၁) ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးစန်းမင်းမှ ဖတ်ကြားခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူလေးများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အထက(၂) ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)