တန်ဆောင်တိုင်ရုံးပိတ်ရက်၌ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ခရီးသွားဧည့်သည်များဖြင့် စည်ကား

ညောင်ဦး နိုဝင်ဘာ ၂၆

တန်ဆောင်တိုင်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီတော် ဂေါပကအဖွဲ့ထံက သိရသည်။

တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများ  စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊  ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိဘုရားများတွင် လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည် များပြားလျက်ရှိကြောင်း သိရသည်။

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ်သည့်မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံး ပိတ်ရက်၊ ဒီဇင်ဘာ ခရစ္စမတ်ရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်း ရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိက အဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊ နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွဲတစ်နေရာနှင့်တစ်နေရာမဝေးကွာဘဲ တစ်ဆက်တစ်စပ်တည်း ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပ ခရီးသွားများကို အလွန်ပင်ဆွဲဆောင်လှကြောင်း တန်ဆောင်တိုင်ရုံးပိတ်ရက် ပုဂံ-ညောင်ဦးဘုရားဖူး လာရောက်သူဦးရေ ၈၀၀၀၀ ကျော် လာရောက်ဖူးမြော်ကြကြောင်း လောကနန္ဒာစွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးထင်လင်းဦးက ပြောကြား၍ သိရသည်။

ဒီပါလင်း