မဟာအောင်မြေ နိုဝင်ဘာ ၂၆
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြနန္ဒာဝန်ထမ်းအိမ်ရာ မိသားစုများ(၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ကို ယနေ့နံနက် (၉) နာရီက မြနန္ဒာဝန်ထမ်းအိမ်ရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဩကာသ ကန်တော့ချိုးဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး၊ ဆရာတော်သံဃာတော်များထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ၊ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား မြနန္ဒာဝန်ထမ်းအိမ်ရာ မိသားစုများနှင့်အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်ဝိမုတ္တိရသကျောင်းတိုက်ဆရာတော် ဦးဝိသုတအရှင်သူမြတ်မှ လှူဒါန်းမှုအတွက် ရေစက်ချတရားဟောကြားကာ၊ ဧည့်ပရိသတ်တို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား မြနန္ဒာဝန်ထမ်းအိမ်ရာမိသားစုများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး စုစုပေါင်းလှူဒါန်းငွေသားနှင့် ပစ္စည်းတန်ဖိုးငွေကျပ်(၁၁၅၁၁၃၀၀)ကျပ်အား ဦးဝိသုတ အရှင်သူမြတ်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပြီး စုပေါင်းမဟာဘုံကထိန်သို့ ကြွရောက်လာသူများအား အလှူရှင်များက အဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း