တာချီလိတ် နိုဝင်ဘာ ၂၆
ထိုင်းနိုင်ငံ၊ မြေ/ရေ/လေထု ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန၊ တောင်တန်းဒေသဆိုင်ရာ သုသေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1-11 ဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြေရှင်းလျှော့ချနိုင်ရေးအတွက် အတွေ့အကြုံများမျှဝေရန်နှင့် လယ်ယာထွက်စွန့်ပစ်ပစ္စည်း အကြွင်းအကျန်များ မီးရှို့ဖျက်ဆီးမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ၊ Thailand Environment Institute Foundation (TEI) & Dr. Supat Wangwongwatana က ထိုင်း-မြန်မာနယ်စပ်ဒေသတစ်လျှောက် Fire Hotspot အခြေအနေများ၊ လေထုညစ်ညမ်းမှုအခြေအနေများ၊ လက်ရှိ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် နွေရာသီကာလတွင် Fire Hotspots ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ၊ Thailand Environment Institute Foundation (TEI) & Dr. Supat Wangwongwatana နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ ခေတ္တအခြေချစစ်ဗျူဟာမှူး (တာချီလိတ် အခြေချစစ်ဗျူဟာ) ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ ခရိုင်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု စီမံထိန်းချုပ်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဒေသခံတောင်သူ ကိုယ်စားလှယ်များ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)