မြင်းခြံမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲ ပြုလုပ်

မြင်းခြံ နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲကို ယမန်နေ့နံနက် (၉) နာရီ အချိန်က မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲမြင့်က ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံပြင်ပြောနှင့် ကဗျာပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/ သူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်တာဝန်ခံပညာရေးမှူး ဦးထိန်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအသီးသီးတို့မှ ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)