မိုင်းပျဉ်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ နဝဒေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်လွင်က ဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။
(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ မိုင်းပျဉ်းတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး၊ အဆိုပါ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)