ကော့မှူး နိုဝင်ဘာ ၂၆
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ကော့မှူး)နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆုများအသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ