မြစ်သားမြို့နယ်တွင် ရွာသစ်ကျေးရွာအုပ်စု မြစ်ဆုံလေးကွင်း၌ စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မြစ်သား နိုဝင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ရွာသစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄၂) မြစ်ဆုံလေးကွင်း၌ စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးရန် ကြိုက်နှစ်သက်သော ဧရာမင်း၊ မနောသုခ၊ ရွှေမနော၊ ရက် ၉၀ စပါးမျိူးတို့ကို အများဆုံး စိုက်ပျိုးလျက်ရှိပြီး တောင်သူလယ်သမားများ မိုးစပါးစိုက်ပျိုးရာတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိပြီး ပိုးမွှားများ ကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကာ ယခုနှစ်မိုးရာသီကာလတွင် မြို့နယ်အတွင်း မိုးများပြီး ရေကြီးနစ်မြှပ်မှုရှိခဲ့သောကြောင့် လယ်များတစ်ချို့၌  စိုက်ပျိုးထားသော စပါးခင်းများ ကြီးမားသည့် ထိခိုက်ပျက်စီးမှု မရှိပါကြောင်း သိရသည်။

အဆိုပါ မိုးစပါးများကို မြစ်သားမြို့နယ်၌ ဇူလိုင်လကုန်မှစ၍ စိုက်ပျိုးထားပြီး နိုဝင်ဘာလကုန်တွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရွာသစ်ကျေးရွာနေ မိုးစပါးစိုက်တောင်သူ ဉီးဇော်နိုင်ထံမှ သိရသည်။

ဝင်းမင်းထွန်း