ပြင်ဦးလွင် နို၀င်ဘာ ၂၆
လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ယေယောဝါယိရေ ကလေးများဂေဟာတွင် ကျင်းပရာ ရှေးဦးစွာ ယေယောဝါယိရေ ကလေးများဂေဟာ တည်ထောင်သူ ဒေါ်ဒီဇင်ဘာက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရတနာပုံဆိုက်ဘာစီးတီးမှ သင်္ချာပါမောက္ခဌာနမှူး ဒေါက်တာမင်းမင်းဆွေဇင်က “ပျော်ရွှင်ခြင်းနှင့်အောင်မြင်ပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာကိုရွှေအောင်သင်းက “ဘ၀လှဖို့ စာဖတ်စို့”ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/သူများအား မေးမြန်းခဲ့ရာ ကျောင်းသား/သူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား ဗမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာ၀န်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ယေယောဝါယိရေ ကလေးများဂေဟာမှ ကျောင်းသား/ကျောင်းသူများအား နံရံကပ်စာစောင်များ ၊သုတ၊ရသ စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သွေးသွေး (ပြန်/ဆက်)