မိုင်းဖြတ် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းသူ၊ ကျောင်းသားများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများကို ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် အ.ထ.က(ဟိုနား)မှ ကျောင်းသား၊ ကျောင်းသားများက မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ခင်းကျင်းပြသထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီလက်ရာများကို တက်ရောက်လာကြသူများကလေ့လာကြည့်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)