သာကေတ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယမန်နေ့ နံနက် (၇) နာရီအချိန်က (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားအား အမှတ်(၂)အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ကျောင်းမှ Grade-၁၀ ကျောင်းသား/ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲများနှင့် အထက်တန်း၊ အလယ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းတို့က ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်း (စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး) ကျောင်းက Grade 10 ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)