တာချီလိတ်၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တာချီလိတ် နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁ဝ၄) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ  အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)မှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ဖတ်ကြားသည်။

ထို့နောက် တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့အား ဆုချီးမြှင့်ပြီး အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။     

ကျော်ဇေယျာလင်း(ပြန်/ဆက်)