ပျဉ်းမနား နိုဝင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်အနေဖြင့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အခြေခံပညာမူလတန်းလွန်ကျောင်း (ဘောဂဝတီ) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေးဖြိုးနိုင်က ဖတ်ကြားပေးခဲ့သည်။
ဆက်လက်၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေးဖြိုးနိုင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)