ပုဇွန်တောင်မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပုဇွန်တောင် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ/ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Grade 11 ကျောင်းသား မောင်သူရထွန်းမှ တစ်ပင်တိုင်မင်းသားအကဖြင့် ကပြဖျော်ဖြေကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားလေးများက မြန်မာကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား/ကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်