ဒဂုံမြောက် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တော်ဝင်သဇင်ခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ ကျောင်းသား/ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသန်းဝင်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်အုပ်ကြီးများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမ်းအနားတက်ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ