ဒဂုံအရှေ့ နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ဇာတိမာန်" သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းထွန်းက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၂ဝ၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)