ကျောက်ဆည် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာဖတ်ရှိန်မြင့်မားရေး၊ မြန်မာစာပေတိုးတက်ပြန့်ပွားရေး စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကို(ကာတွန်း)ဖောင်းဖောင်းက ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက “ဇာတိချက်ကြွေ မွေးရပ်မြေ”၊ “ဆယ့်နှစ်လရာသီ” ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲဝင် စာစီစာကုံးစာမူများကို ဆုများရွေးချယ်သွားပြီး ပထမရရှိသောစာမူအား ဆုငွေ (၅၀၀၀၀)ကျပ်၊ ဒုတိယဆုအား ဆုငွေ (၃၀၀၀၀)ကျပ်၊ တတိယဆုအား ဆုငွေ (၂၀၀၀၀)ကျပ်၊ အထူးဆု (၁၀၀၀၀)ကျပ်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက် ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သွားမည့် အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အခမ်းအနားတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)