ညောင်ဦး နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများသည် ဆလပ်အမျိုးမျိုး စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးဝင်ငွေတွက် ခြေကိုက်နေကြကြောင်း လဲဂွကျေးရွာ ဖူးချိုးဆလပ်စိုက် ပျိုးတောင်သူဦးတင်ထွန်းအောင်ထံမှ သိရသည်။
ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများသည် မြေအောက် ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြပြီး ဟင်းသီးဟင်းရွက်အမျိုးမျိုးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေနေကြကြောင်း၊ ဈေးကွက်အတွင်း အမြန်ရောက်ရှိပြီး စိုက်ပျိုးအကြီးမြန်၊ အဖြစ်မြန်သည့် ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးခြင်းဖြင့် မိသားစုအမြန်ဝင်ငွေဖော်ဆောင်နိုင်သည့် ဆလပ်အမျိုးမျိုးကိုစိုက်ပျိုးကြကြောင်း သိရသည်။ ဆလပ်စိုက်ပျိုးခြင်းသည် အနံနှစ်ပေ၊ အလျား ၁၅ ပေခန့် ဘောင်တင်ပြီးကြဲပက် စိုက်ပျိုးခြင်း၊ ပျိုးကြဲပြီးမှ ပြန်လည်နှုတ်ယူစိုက်ပျိုးခြင်းများရှိကြပြီး ဖူးချိုးဆလပ်ပင်များသည်ကြဲပက်ပြီး သုံးရက်အတွင်း အပင်ပေါက်ကာ ၄၅ ရက် အရောက်တွင် ခူးယူရောင်းချရကြောင်း ဦးတင်ထွန်းအောင်က ရှင်းပြသည်။
ဖူးချိုးဆလပ်ပင်များသည်ခေါင်ညွတ်ချိုးယူပြီး နောက်ထပ်နှစ်ရက်မြောက်နေ့တွင် ထွက်ရှိလာသည့် ဆလပ်ဖူးများကို ခူးယူရောင်းချကြကြောင်းသိရသည်။ ဖူးချိုးဆလပ်ပင်များသည် တစ်ဖူးချိုးပြီးတိုင်း နှစ်ဖူးမှသုံးဖူးအထိပြန်ထွက်လေ့ရှိပြီး နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါ ခူးချိုးရောင်းချရကြောင်း၊ ဆလပ်ကိုင်း(ဖူး) လေးဖူးလျှင်တစ်စည်း၊ ငါးဆယ်ကျပ်ရောင်းချရပြီး၊ သုံးရက်တစ်ခါခူးချိုး ရောင်းချနေရခြင်းကြောင့် အမြန်ငွေပေါ်လွယ်သည့် ဖူးချိုးဆလပ်အား ကျေးလက်တောင်သူများ စိုက်ပျိုးသင့်ကြောင်း မုန့်ကုန်း ကျေးရွာ ဦးနန်းတင်ကရှင်းပြသည်။
ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများသည် ပင်ဆိုင်ဆလပ်၊ ဆလပ်ခါး၊ ရိုးရိုးဆလပ်၊ ပန်းဂေါ်ဖီ(ဆလပ်)ဖူးချိုး ဆလပ်များစိုက်ပျိုးကြပြီး ဖူးချိုးဆလပ်သည် တစ်လအတွင်းအပင်ဖြစ်ထွန်းခြင်းကြောင့် မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဆလပ်မျိုးများတွင် ဖူးချိုးဆလပ်သည် အပင်ဖြစ်လွယ်ပြီး အမြန်ရောင်းချရခြင်းကြောင့် ငွေအမြန်ပေါ်သည့်အတွက် မိသားစုစားဝတ်နေရေး ကျေးလက်တောင်သူတိုင်း စိုက်ပျိုးသင့်သည့် ဆလပ်မျိုးဖြစ်ကြောင်း ဆလပ်တစ်ပိဿာ ၁၅၀၀ ကျပ်ရောင်းချနေရကြောင်း သိရသည်။
ဒီပါလင်း