စဉ့်ကိုင် နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျောင်းသား/သူများ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ရုံးတွင်းအားကစား ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၉:၀၀နာရီအချိန်က ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူများနှင့် လူငယ်များ အသိပညာဗဟုသုတများကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများပိုမိုတိုးတက်လာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြား တတ်စေရန်၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်ကာညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဆာကူရာကလပ်အသင်းမှ နည်းပြချုပ်ဆရာဦးဝင်းမြင့်ကရုံးတွင်း အားကစားပြိုင်ပွဲများကျင်းပရာတွင် ကျောင်းသား/ကျောင်းသူများအတွက် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းခြင်း၊ စိတ်ကြည်လင်ပေါ့ပါးခြင်း၊ စိတ်ဓာတ်ခိုင်မာခြင်း၊ မိမိကိုယ့်ကို ခုခံကာကွယ်နိုင်ခြင်း၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ခြင်းစသည့် အကျိုးကျေးများစွာရရှိသည့် ကာရာတေးသင်တန်းများကိုပါ ထည့်သွင်းဖွင့်လှစ်စေလိုကြောင်း တင်ပြခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ နာယက ဦးသန်းအောင်က ယခုလို လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သည့်အနေဖြင့် သင်တန်းများ ပြပွဲ/ပြိုင်ပွဲများကို ပြုလုပ်ပေးခြင်းသည် လူငယ်များအတွက် များစွာအကျိုးပြုသောကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး မိမိဘက်က တက်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲများကို ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ပြီး ဒိုင်များကို စနစ်တကျ ရွေးချယ်စေလိုကြောင်း ဆွေးနွေးခဲ့သည်။ ၎င်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ကဏ္ဍအလိုက်ဆောင်ရွက်မည့် လုပ်ငန်းများစဉ်များ၌ ဆုများချီးမြှင့်နိုင်ရေး၊ ဘဏ္ဍာငွေရှာဖွေနိုင်ရေး လုပ်ငန်းများနှင့် အခြားလိုအပ်သော လုပ်ငန်းများကို အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသီးသီးညှိနှိုင်းဆွေးနွေးတင်ပြခဲ့သည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)