မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းတွင် မသန်စွမ်းသူများအားကစားပြိုင်ပွဲများကျင်းပမည်

မန္တလေး နိုဝင်ဘာ ၂၄

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်၊ မသန်စွမ်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ တစ်ရက်နေ့မှ သုံးရက်နေ့အထိ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မသန်စွမ်းသူများအားကစားပြိုင်ပွဲများတွင် သံလုံးပစ်၊ သံပြားပစ်၊ ဝှီးချဲ၊ လှံတံပစ်၊ စစ်တုရင်၊ ဂိုးဘောလ်၊ အပြေးမီတာ(၁၀၀)၊ အပြေးမီတာ(၅၀)အစရှိသည့် အားကစားနည်းများပါဝင်မည်ဖြစ်ပြီး ကိုယ်အင်္ဂါမသန်စွမ်းများအတွက် ဝှီးချဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်တို့ကိုလည်းကောင်း၊ အကြားအာရုံမသန်စွမ်းများအတွက် မီတာ၁၀၀(ကျား)၊ မီတာ၅၀(ကျား)၊ မီတာ၅၀(၃)တန်း(မ) အပြေးပြိုင်ပွဲတို့ကိုလည်းကောင်း၊ ဥာဏ်ရည်မသန်စွမ်းများအတွက် ကျား ၁၀၀ အပြေး၊ မီတာ ၅၀ အပြေး၊ မီတာ ၁၀၀ လမ်းလျှောက်၊ မီတာ ၅၀၊ အပြေး(မ)မီတာ ၅၀၊ လမ်းလျှောက်(မ)တို့ကိုလည်းကောင်း၊ အမြင်အာရုံမသန်စွမ်းများအတွက် ဂိုးဘောလ်(ကျား/မ)မီတာ ၁၀၀၊ သံလုံးပစ်(ကျား/မ)၊ သံပြားပစ်(ကျား/မ)၊ လှံတံပစ်၊ စစ်တုရင်ပြိုင်ပွဲတို့ကိုလည်းကောင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဗထူးကွင်းနှင့်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ လမ်း ၃၀ × ၆၃ လမ်းထောင့်တို့တွင် နိုဝင်ဘာ ၂၇ ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

(မြင့်မော်ထွန်း၊ အောင်စံ၊ပြန်/ဆက်)