သာကေတ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းမကြီးပေါ်ရှိ စည်ပင်ဆိုင်ခန်းအမှတ်(၁၇/၁၈)၊ K K Naing ဂတ်စ်ဆိုင်တွင် ယမန်နေ့နံနက်(၁၀:၁၇)နာရီအချိန်တွင် မီးလောင်နေကြောင်းသတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းစိုင်းအေး၊ အရှေ့ပိုင်းခရိုင်း၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးကိုကိုကြီးဦးစီး၍ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အုပ်ချုပ်မှုယာဥ်(၂)စီး၊ မီးငြိမ်းသတ်ယာဥ်(၂၅)စီး၊ ရေသယ်ယာဥ်(၁၀)စီးတို့ဖြင့် တပ်ရင်း(၉)မှတပ်ရင်းမှူးဒုဗိုလ်မှူးကြီးမောင်မောင်စိုးဦး၊ ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့ဒုတိယရဲမှူးကြီးလှဘုန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပြီး မီးငြှိမ်းသတ်ခဲ့ရာ(၁၀:၃၄)အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး(၁၁:၂၀)အချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဥ်မှာ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းမကြီးပေါ်ရှိ စည်ပင်ဆိုင်ခန်းအမှတ်(၁၇/၁၈)သွပ်မိုးပျဥ်ကာ၊ ကွန်ကရစ်ခန်းတစ်ခန်းလျှင် (၁၀ ပေ x ၃၅ ပေ)အကျယ်အဝန်းရှိသည့် K K Naing ဂတ်စ်ဆိုင်တွင် ဂတ်စ်အိုးအကြီးမှ ဂတ်စ်အိုးအသေးသို့ ဂတ်စ်များဖလှယ်ပြီး ဂတ်စ်အိုးအကြီးအားသေချာပြန်မပိတ်မိရာမှ အခန်းအတွင်းဂတ်စ်များပျံ့နှံနေစဥ် ဂတ်စ်အိုးခေါင်းကိုမော်တာကော်ပတ်(စ်)ဖြင့် သန့်ရှင်းရေးပြုလုပ်ခဲ့ရာမော်တာမှမီးပန်းထွက်၍ အခန်းအတွင်းပျံ့နှံ့နေသောဂတ်စ်များဖြင့် ထိတွေ့ကာမီးစတင်လောင်ကျွမ်းခဲ့ပြီး ဘေးကပ်လျက်ရှိ ဆိုင်ခန်း(၆)ခန်းအား မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် မောင်ဇင်ကိုအောင်မှ လက်ယာဘက်ပါး၊ လက်ယာလက်မောင်းအပူလောင်ဒဏ်ရာ(၁)ချက်စီ၊ ဝဲ/ယာဒူးအောက်နှင့် ယာခြေသလုံးစုတ်ပြဲဒဏ်ရာ(၁)ချက်စီ၊ ယာလက်ခုံနှင့်ဝမ်းဗိုက်များရှိ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိပြီး မီးလောင်လွယ်သောအရာဝတ္ထုကိုသိလျက်နှင့် ပေါ့လျော့စွာပြုလုပ်ခဲ့သူ ဦးဇင်ကိုအောင်အား တရားဥပဒေအရဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မီးလောင်းမှုဖြစ်စဥ်ကြောင့် ပတ်ဝန်းကျင်ရှိ လူများထိခိုက် သေဆုံးခြင်းမရှိကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)