ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေး လူများကြိတ်ကြိတ်တိုးစည်ကား

ရန်ကုန် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ ရေကျော်ပွဲဈေးသည် ငါးနှစ်ခန့်ရပ်နားထားရာမှ ပြန်လည်ပြုလုပ်သည့် ရန်ကုန်မြို့တွင် ထင်ရှားကျော်ကြားလှသည့် ပုဇွန်တောင်မြို့နယ် ရေကျော်ပွဲဈေးကို ပြန်လည်ကျင်းပလျက်ရှိပြီး လူအများကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

အဆိုပါဈေးပွဲတော်ကို အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၂ ရက်မှစတင်၍ ၂၆ ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပခြင်းဖြစ်သည်။

ပျော်ပွဲရွှင်ပွဲနှင့်ဈေးရောင်းပွဲတော်တွင် အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းမှ ရေကျော်လမ်းထိ ဈေးဆိုင်ခန်းများ၊ စားသောက်ဖွယ်ရာဆိုင်တန်းများစုံလင်စွာဖြင့် စည်ကားသိုက်မြိုက်လျက်ရှိရာ ရေကျော်ပွဲဈေးသည် အစည်ကားဆုံးနှင့် ဈေးအရောင်းရဆုံးပွဲတော်ဖြစ်သည်။ ပုဇွန်တောင်မြို့နယ်ဂီတအစည်းအရုံးမှ ဖျော်ဖြေမှုများလည်းပါဝင်ရာ ပြည်သူများပျော်ရွှင်စွာဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

ရေကျော်ပွဲဈေးကို ကိုဗစ်ကာလမတိုင်မီ၂၀၁၉ ခုနှစ်ကနောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ရေကျော်ပွဲဈေးကို နှစ်စဉ်သီတင်းကျွတ်ကာလတွင် ကျင်းပလေ့ရှိပြီး လည်ပတ်သူများဖြင့် အလွန်စည်ကားသည့်ပွဲဈေးတစ်ခုဖြစ်သည်။

အောင်မြင့်(ပြန်/ဆက်)