လွိုင်မွေတောင်စခန်းမြို့၌ ပြည်နယ်အဆင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လေထုထိန်းချုပ်​ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်  မီးခိုးမြူငွေ့ ညစ်ညမ်းမှုလေထု​​​​ထိန်းချုပ်​ရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၃ ရက်က ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သစ်တောဦးစီးဌာနမှူး ဦးရဲထွန်းက ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်းအကြောင်း၊ သစ်ပင်များ စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းဖြင့် ရာသီဥတုကောင်းမွန်လာစေခြင်းအကြောင်း၊  တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးအကြောင်းအရာများကို လွိုင်မွေဒေသရှိ ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(လွိုင်မွေ) အတွက် ထောက်ပံ့အလှူငွေများ ပေးအပ်သည်။

ဆက်လက်ပြီး ကျိုင်းတုံခရိုင် ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်းနှင့်  တာချီလိတ်ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်း​ဝေယံထွန်းတို့က ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများအကြောင်း၊ ရေချိုများရှားပါလာမှုအကြောင်း၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ကျိုင်းတုံ-မိုင်းဆတ်ခရိုင် သစ်တောဦးစီးဌာနမှူး၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေညစ်ညမ်းမှုလေထုလျှော့ချရေး ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)