ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

စစ်တွေ နိုဝင်ဘာ ၂၃

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီအောင်ရတနာသင်္ဘောနှင့် အမ်ဗွီရွှေသုဝဏ်သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း ၇၀၇ တန် တင်ဆောင်၍လည်းကောင်း၊ အမ်ဗွီရွှေသုဝဏ်သင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ စုစုပေါင်း ၆၁၄ တန် တင်ဆောင်၍လည်းကောင်း စစ်တွေမြို့ သို့ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါသင်္ဘောများမှ ကုန်ပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါဆိပ်ကမ်း၌ ကုန်ပစ္စည်းများအတင် အချပြုလုပ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည့် အမ်ဗွီ-အောင်ရတနာ သင်္ဘောအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)