တာချီလိတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဟွေယုန်းရွာဟောင်းနှင့် ရွာသစ်ကျေးရွာ ၂၄ နာရီ မီးလင်းရေးလိုင်းသစ်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တာချီလိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီရာ ဦးမိုးဇော်လှိုင်နှင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး(ခွဲ) အတွင်းရေးမှူး ဦးစိုင်းဆမ် အဖွင့်အမှာစကား ပြောကြားပြီး တာချီလိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးမိုးဇော်လှိုင်က ကျေးရွာတွင် လျှပ်စစ်မီးများ ရရှိပြီဖြစ်သည့်အတွက် ကျေးရွာပြည်သူများ လျှပ်စစ်မီးများကို စနစ်တကျ သုံးစွဲတတ်ရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိထားဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး(ခွဲ) မန်နေဂျာ ဦးမင်းနိုင်က ၂၄ နာရီ မီးလိုင်းရရှိရေးအတွက် ကျေးရွာပြည်သူနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကာ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
ထို့နောက် ဟွေယုန်းရွာ(ဟောင်း)ကျေးရွာသူကြီး ဦးအားဂါ၊ ဟွေယုန်းရွာ(သစ်) ကျေးရွာသူကြီး ဦးမေားဂျဲတို့က ကျေးဇူးတင်စကား ပြောကြားကာ ကျေးရွာသူကြီးနှင့် ရွာသူ၊ ရွာသားများက အခမ်းအနားသို့ တက်ရောက်လာသူများအား အာခါရိုးရာ လွယ်အိတ်များကို လက်ဆောင်ပေးကမ်းပြီး အာခါရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ ကျေးရွာ မီးရရှိရေးအတွက် ၁၀၀ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး၊ ၄၀၀ ဗို့အားလိုင်းများကို မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံး(ခွဲ)နှင့် ကျေးရွာသူ ကျေးရွာသား များက ထိုင်းဘတ်ငွေ ၆၈ သိန်း ၉ သောင်းဘတ်ကျော် ကိုယ်ထူကိုယ်ထငွေဖြင့် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့ကြောင်း ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၇၀ ကျော်မှ အာခါတိုင်းရင်းသား ဒေသခံကျေးရွာပြည်သူများ အနေဖြင့် ကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)