သထုံခရိုင် လူထုအ‌ခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ ပြပွဲပြိုင်ပွဲများပြုလုပ်

သထုံ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ ပြပွဲပြိုင်ပွဲများ ပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။

ယင်းနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ပြုလုပ်ပေးရာ အ.မ.က(လွန်) ဝါးတောကျောင်းမှ ကျောင်းသူကျောင်းသားတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူတို့အား ဆုချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများတို့ကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ‌ဆရာ/ ဆရာမများ၊ ကျောင်းသူ /ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)