တောင်ကြီး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အသက် ၃ နှစ်မှ ၅ နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(ဘက်စုံသုံး)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းကြီး (၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိူးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့်စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတို့လည်းကောင်း၊ လုပ်ငန်းကြီး (၇) ရပ်အနက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အရေးကြီးသည်။ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် အစိုရမူလတန်းကြိုကျောင်းများ၊ အသိအမှတ်ပြုဖွင့်လှစ်ထားသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ရာတွင်လည်းကောင်း ဘာသာရပ်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအဖြစ် ပါဝင်သည်။ ယခုသင်တန်းသည် သာမန်အားဖြင့်တော့ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ပတ်သက်သည့် သင်တန်းတစ်ခုဟု ထင်မြင်ယူဆနိုင်ပေသလို နိုင်ငံနှင့်လူမျိုးအတွက် အရေးပါလှသည့် အခြေအုတ်မြစ်တစ်ခုဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားတစ်ဦးခြင်း၏ ဖွံ့ဖြိုးတိုးတက်မှုဟာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်အကျိုးပြုနေသည်။
ရှမ်းပြည်နယ်အတွင်းမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ပြီး ဆောင်ရွက်နေသော မူလတန်းကြိုကျောင်း (၁၁) ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၃၂၄)ကျောင်း၊ ပုဂ္ဂလိက မူလတန်းကြိုကျောင်း (၁၉၀)ကျောင်းနှင့် နေ့ကလေးထိန်းကျောင်း (၃) ကျောင်း ဖွင့်လှစ်၍ စုစုပေါင်း ကလေး (၁၈၁၃၉)ဦးအား သင်ကြားပေးလှက်ရှိသည်။ ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးသည့် ဆရာ/ ဆရာမများအား ECCDနည်းစနစ်ဖြင့်ဆောင်ရွက်နိုင်ရန် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း (၅) ကြိမ်၊ သင်တန်းသား/ သူ (၁၉၈)ဦးအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ သင်တန်းသူ (၅၄)ဦးတို့အား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။
ရှေးဉီးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူများအား ဤသင်တန်းတွင် လက်တွေ့အသုံးပြုမယ့် သင်ထောက်ကူပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါသည်။ ယခုသင်တန်းသို့ တက်ရောက်ခဲ့သည့် မူကြိုဆရာမများအနေဖြင့် ပုဂ္ဂလိကမူကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာကြမည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနာဂတ်မျှော်မှန်းချက်အတွက် မွေးကင်းစအရွယ်မှ အသက် (၈)နှစ် အရွယ်ကလေးများအားလုံးသည် ၎င်းတို့၏ မိဘများ၊ ပြုစုစောင့်ရှာက်သူများနှင့် ဝန်ဆောင်မှုပေးသူများထံမှ ဘက်ပေါင်းစုံလွှမ်းခြုံ၍ အရည်အသွေးပြည့်ဝသော ဖွံ့ဖြိုးအဆင့်နှင့် ကိုက်ညီသော ပြုစုစောင့်ရှောက်မှုများကို ရရှိခြင်းအားဖြင့် လွတ်လပ်မှု၊ ညီမျှမှု၊ ဂုဏ်သိက္ခာရှိမှု အခြေအနေများတွင် ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ အာဟာရပြည့်ဝခြင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ လုံခြုံခြင်းနှင့် ပြည့်စုံပြီး ၎င်းတို့၏ မိသားစုများ၊ ရပ်ရွာနှင့်နိုင်ငံကို အကျိုးပြုနိုင်သူများ ဖြစ်လာနိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားပါလို့ တိုက်တွန်းဆန္ဒပြုကြောင်း ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းက သင်တန်းဆင်း လက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းသူ/သားများ ပြုလုပ်ထားသော သင်ထောက်ကူပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)