တောင်ကြီးမြို့၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြော

တောင်ကြီး နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမင်းအောင်ကျော်ဦးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ အဓိပ္ပါယ်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့်အကြောင်းရင်း၊ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုကြောင့် လူသားများနှင့်ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှု လျှော့ချရမည့်နည်းလမ်းများ၊ Open Burning ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် စပ်လျဉ်း၍လည်း ကောင်း ဟောပြောဆွေးနွေးကြပြီး ကျောင်းသား/ ကျောင်းသူများ၏ သိရှိလို၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျှော့ချရေးနှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းပြီး ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ လေထုထဲတွင် ပါဝင်သော Silent Killer PM 2.5 အသိပညာပေး ဗီဒီယိုပြသ၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)