မိုင်းဆတ် နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ စက်တင်ဘာ ၁၀ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျံမှုဖြစ်ပွားခဲ့ပြီး မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်ရှိ ဆိုက်ခေါင် တံတားပြိုကျပျက်စီးခဲ့ရာ ယခုအခါ အဆိုပါတံတားပေါ်တွင် ဘေလီတံတားတည်ဆောက်နေမှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ယာဉ်များ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုက်ခေါင်တံတားသည် မိုင်းဆတ်-တာချီလိတ်လမ်း မိုင်းဆတ်မြို့အထွက်၌ ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခုတ်ချောင်းပေါ်တွင်တည်ရှိကာ အရှည် ၃၂၈ ပေရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး မိုင်းဆတ်မြို့နယ်အတွင်း စက်တင်ဘာ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ရွာသွန်းခဲ့သော မိုးများကြောင့် နမ့်ခုတ်ချောင်းအတွင်း တောင်ကျရေများစီးဆင်းကာ ရေကြီးရေ လျံမှုဖြစ်ပွားခဲ့ရာမှ ရေလယ်ခန်းဖွင့် ၆၅ ပေ ဒဿမ ၆လက်မ (၂)ခန်း ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ တံတားပေါ်တွင် တံတားအထူးအဖွဲ့(၁၂)ရွှေညောင်မှ တံတားအထူး အဖွဲ့ဝင်များက အရှည် ၁၅၀ ပေ၊ တံတားခံနိုင်ဝန် ၁၃ တန်ရှိ Double Single အမျိုးအစား ဘေလီတံတားအား အောက်တိုဘာ ၂ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးဖြစ်၍ နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်မှစတင်ကာ လူနှင့် ယာဉ်များ ဖြတ်သန်းသွားလာနိုင် ပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁၂) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)