စစ်တွေ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ဌာနဆိုင်ရာရုံးများအား လှည့်လည်ကြည့်ရှုကာ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ အကြောင်းရင်းမှာ ကုန်စည်များကို ရေလမ်းကြောင်းမှ အဓိကထား၍ ပို့ဆောင်ရခြင်း၊ အချို့ပစ္စည်းများကို လေကြောင်းမှ သယ်ယူပို့ဆောင်ရခြင်း၊ လက်ရှိအခြေအနေအနေရ စနစ်တကျစိစစ်ပြီးမှသာ သယ်ယူပို့ဆောင်ခွင့်ရရှိခြင်း၊ ရာသီဥတုအခြေအနေအရ သင်္ဘောဝင်ရောက်မှုနည်းပါးသည့်အတွက် မြို့ပေါ်ရှိလူဦးရေစားသုံးမှုနှုန်းအရ ရောင်းအား ဝယ်အားမမျှတခြင်း၊ သယ်ယူစရိတ်နှုန်းထားများလည်း မြင့်တက်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း ထပ်မံကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကုန်ပစ္စည်းအ ဝင် ပြတ်လပ်မှုမရှိစေရေး သင်္ဘောများပုံမှန်ဝင်ထွက်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လက်ရှိကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် အထိုက်အလျောက် ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့များသို့ သင်္ဘောများဖြင့် စားသောက်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများရောက်ရှိခဲ့မှုနှင့် ကုန်စည်များရောက်ရှိလာမှုအား လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်နယ်အကောက်အခွန်ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးတို့က ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆောင်ရွက်နေမှုနှင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်၊ ဝန်ထမ်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၏ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝန်ထမ်းများ သက်သာရှောင်ချိရေးအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးမှု၊ ဆန်နှင့်ထောက်ပံ့ပစ္စည်းများပေးအပ်နေမှုတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းလှည့်လည်ကြည့်ရှုပြီး ရုံးသန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးများအားလှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးတို့၌ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ စစ်တွေမြို့တွင် ယာယီခိုလှုံလျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူဝန်ထမ်းများက မိမိတို့မြို့နယ်အလိုက် ရုံးများဖွင့်လှစ်၍ တာဝန်ဆောင်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)