နမ္မတူ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲ အချိန်က အခြေခံပညာအထက်တန်းကျောင်း (ပင်းပက်)၌ ကျင်းပသည်။
ရှေ့ဦးစွာ အသိပညာပေး ဟောပြောပွဲတွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းသိန်းအောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့် အကြောင်းအရာများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားညီညွတ်ရေး၊ မွေးရာပါအမျိုးသားရေးတာဝန်၊ ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်း ဆောင်ရွက်၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ အမျိုးသားအောင်ပွဲနေ့ စသည့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်များ ပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ရုံးချုပ်)မှ ထုတ်ဝေသည့် (၁၀၄) နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် (၁၀၀) စောင်အား ကျောင်းသား ကျောင်းသူများ ဖတ်ရှုမှတ်သားလေ့လာနိုင်ရန် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင် ဓါတ်ပုံပြပွဲအား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)