တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်က ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မသင်းအိမိုး (Grade-10)၊ မခင်သက်မွန် (Grade-11)၊ မဇူးသစ္စာ (Grade-11)၊ မရွှေရည်ဝင်း (Grade-11)၊ မသဲစုလှိုင်မိုး (Grade-12) တို့က လူငယ်နှင့်စာကြည့်တိုက်၊ လူငယ်နှင့်အချိန်၏တန်ဖိုး၊ လူငယ်နှင့်နိုင်ငံ့သားကောင်း၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်ဆရာ့ကျေးဇူးခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက် ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဦးဆောင်ဆွေးနွေးသည့် ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးများအတွက် အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။        

တင်စိုးလွင်