တောင်ကြီး နိုဝင်ဘာ ၂၃
လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ ရွှေဘုန်းပွင့်ဘုရားလမ်း တိုးချဲ့ဖောက်လုပ်သည့် လမ်းအရှည် (၁.၄၃) မိုင်(၇၅၃၉)ပေ၊ အကျယ် (၂၂) ပေအား ACကတ္တရာလမ်းခင်းခြင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းမကြီးမှ လွိုင်ခမ်းလမ်း (ကံကြီးရေဖြူရွာအနောက်ဘက်အစပ်) ထိ အရှည် (၁.၃၉)မိုင် (၇၃၇၅) ပေ၊ အကျယ် (၂၂) ပေနှင့် တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်း ကန်ပတ်လမ်းကွန်ကရစ်ခင်းရန် အလှူငွေများ လှူဒါန်းပေးခြင်းအတွက် ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပခဲ့ကြကြောင်း သိရသည်။
ဦးစွာဆရာတော်၊ သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး လွိုင်ခမ်းအိမ်ရာစီမံကိန်းအလှူရှင် ဦးစိုင်းရွက်က ရွှေဘုန်းပွင့်ဘုရား ဘက်စုံမွမ်းမံပြုပြင် နိုင်ရန်အတွက် အလှူငွေကျပ် (၁၁၂၂၀၀၀) ပေးအပ်လှူဒါန်းရာ ဘုရားဂေါပကတာဝန်ရှိသူစ်ဦးမှ လက်ခံရယူပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိ စာသင်တိုက် ဦးစီးပဓနာနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းလိုက်ပြီး ရွှေမိုး၊ ငွေမိုးရွာသွန်းပေးကာ ဆရာတော်၊ သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
အဆိုပါ လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ လမ်း (၃) လမ်းအတွက် စုစုပေါင်းလှူဒါန်းငွေမှာ ကျပ်နှစ်သောင်းတစ်ထောင်ခုနှစ်ရာခြောက်ဆယ်တစ်သိန်း ကိုးသောင်းလေးထောင်ခြောက်ရာငါးဆယ်တိတိဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)