တောင်ကြီးမြို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂၃

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယနေ့ဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပြည်နယ်အတွင်းပို့ကုန်အမည် စုံလင်စွာပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်စေရေးအတွက် ကြုံတွေ့ရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်နိုင်ပြီးအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ပြည်တွင်း၌ Online ရောင်းချမှုများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအား သိရှိပြီး ကုန်သွယ်မှုများကို မှန်ကန်စွာဆောင်ရွက်နိုင်ရေး တို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးစားပေးကဏ္ဍအနေဖြင့် စျေးကွက်ဝင်အရည်အသွေးမီ ထုတ်လုပ်တင်ပို့နိုင်ရန်၊ အသိပညာပေးရန်၊ အခက်အခဲများဖော်ထုတ်ရန်နှင့် ဖော်ထုတ်ရရှိချက်များကို ဖြေရှင်းပေးရန်ရည်ရွယ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် ဆွေးနွေးပွဲသည် ရှမ်းပြည်နယ်မှ ပို့ကုန်နှင့် MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများအတွက် အလွန်အကျိုးများပြီး အမှတ်တကယ်လိုအပ်သည့် ဆွေးနွေးပွဲဖြစ်၍ အတူပူးပေါင်းဆွေးနွေး အဖြေရှာကာ ပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် အတူလက်တွဲဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေးနွေးပွဲက ရရှိလာသည့်ရလာဒ်များ၊ အကြံပြုချက်များ၊ လုပ်ဆောင်ရမည့် ကဏ္ဍများ၊ အသိပညာများကို မိမိတို့နီးစပ်ရာ ပြန်လည်လက်ဆင့်ကမ်း အသိပေး၍ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာက အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက်ရောက်လာသည့် လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသထွက်ပစ္စည်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင် (၇) ဦးမှ စက်မှုထုတ်ကုန်ပစ္စည်းများဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးခေါင်းစဥ်၊ အရည်အသွေးမီစိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးခေါင်းစဥ်၊ စားသုံးသူကာကွယ်ရေးနှင့် ထုတ်ကုန်များတွင် ပါဝင်ရမည့်အကြောင်းအရာများ ခေါင်းစဥ်ပို့ကုန်၊ သွင်းကုန်လက်မှတ်နှင့် Online Sales လက်မှတ်လျှောက်ထားရန် လုပ်ငန်းစဥ်များခေါင်းစဥ်၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်း သိကောင်းစရာများခေါင်းစဥ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ချက်များနှင့် MSMEs ထုတ်ကုန်များပြည်ပတင်ပို့နိုင်ရေး လိုအပ်ချက်များခေါင်းစဥ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)