နေပြည်တော် နိုဝင်ဘာ ၂၃
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်ကိုယ်စားပြု အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ရာတွင် အားကစား နည်းအလိုက် အားကစားသမား အားကစားနည်းစနစ်များကို ကျွမ်းကျင်စွာစနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ လေ့ကျင့်မှုများအတွက် အသေးစိတ်စီမံဆောင်ရွက်ထားရေး၊ ပြိုင်ပွဲများ အနိုင်ရရှိရေးအတွက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ အောင်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော်အားကစားအသင်းများ အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့်အခြေအနေနှင့် အားကစားသမားများရွေးချယ်မှု၊ လေ့ကျင့်မှုနှင့် အောင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နေပြည်တော်အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ပြန်/ဆက်)