ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များပျက်စီးဆုံးရှုံးမှုအတွက် ဒေသဝက်(၈၆)ကောင်နှင့် ဒေသကြက်ပေါက်(၁၀၅)ကောင်ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပ

ဟိုပုံး နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သဘာဝဘေးရေကြီး နစ်မြုပ်မှုကြောင့် တိရစ္ဆာန်များပျက်စီးဆုံးရှုံးမှုအတွက် ဒေသဝက်(၈၆)ကောင်နှင့် ဒေသကြက်ပေါက် (၁၀၅)ကောင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့ဦးရပ်ကွက် နယ်မြေ(၁) ဝက်မွေးမြူသူ ဦးဇော်ဝင်းခြံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိန်းမော်က သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုအတွက် ပြန်လည်ဖြည့်ဆည်းပေးနိုင်‌ရေးဆောင်ရွက်မည့် အစီအစဉ် များကိုရှင်းလင်းပြောကြာသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါက်တာနီနီဝင်းက လုပ်ငန်းဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက နိုင်ငံတော်မှထောက်ပံ့သည့် ဒေသဝက်နှင့် ဒေသကြက်များကို ဒေသခံပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် မွေးမြူသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဒေသဝက်နှင့် ဒေသကြက်များမွေးမြူခြင်းနှင့် ပတ်သက်၍ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ(၁၁)ရက်နေ့တွင် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် မြို့‌ပေါ်ရပ်ကွက် (၆)ခုနှင့် ကျေးရွာပေါင်း(၃၀)ကျော်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါဆုံးရှုံးမှုများအတွက် ရေဘေးသင့်ပြည်သူများထံသို့ ဒေသဝက်နှင့် ဒေသကြက်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)