ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ရန်ကင်း နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များ ပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပွင့်ဖြူခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ဒုအလယ်တန်းပြ ဆရာမ ဒေါ်‌ဖြူဖြူလှတို့က ဆောင်ရွက်ခဲ့ပြီး လူငယ်နှင့်စာပေ‌ခေါင်းစဉ်ဖြင့် Grade-9 မှ မထက်ရတနာ၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်ခန့်‌ဇေယျာလွင်၊ လူငယ်နှင့် အားကစားနှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် Grade-9 မှ မောင်လင်းပြည့်အောင်၊ လူငယ်နှင့်မူးယစ်‌‌ဆေးခေါင်းစဉ်ဖြင့် Grade-9 မှ မဆုလာဘ်ပိုပို၊  လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့် Grade-9 မှ‌ မောင်ဟိန်းမင်းဆက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-9 မှ မဆုပြည့်ဖြိုး ကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့က ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ‌လေးများက မိမိတို့ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပါဝင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပါဝင်ဆွေး‌‌နွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးအရာရှိ‌‌ ဒေါ်လှလှ‌ထွေးမှ အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ပွင့်ဖြူခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည် ။

ရဲလေး (ပြန်ဆက်)