ချမ်းမြသာစည် နိုဝင်ဘာ ၂၃
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” ကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ၊ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ဦးစီးမှူး ဦးတင်မောင်ဝင်းက “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ အခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများသည် ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့