နားမကြားသော ကလေးများကျောင်း (ရန်ကုန်)၌ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအခမ်းအနား ကျင်းပ

တာမွေ နိုဝင်ဘာ ၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အဆိုပါ နားမကြားသော ကလေးများကျောင်း(ရန်ကုန်) စုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အရှေ့ပိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့အခမ်းအနားကတော့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အကြို လှုပ်ရှားမှုအခမ်းအနား ဖြစ်ပါကြောင်း၊ ဒီအခမ်းအနားတွေကို ၁၉၉၄ ခုနှစ်မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုနှစ်ဆိုရင် (၃၂)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ (၅၅.၇)သန်းမှာ မသန်စွမ်းရာခိုင်နှုန်းဟာ (၄.၆)ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ နားမကြားရာခိုင်နှုန်းကတော့ (၁.၃)ရာခိုင်နှုန်း ရှိပါကြောင်း၊ ကျွန်မတို့ရဲ့ လူမှုဝန်ထမ်းက ဆောင်ရွက်နေတဲ့ လုပ်ငန်းကြီး (၇) ရပ်ရှိပါကြောင်း၊ အဆိုပါ (၇) ရပ်ထဲမှာ နံပါတ် (၄)ကတော့ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းပဲ ဖြစ်ပါကြောင်း၊ မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းကိုလည်း ကျွန်မတို့ဝန်ကြီးဌာနက ဆောင်ရွက်နေပါကြောင်း၊ နားမကြားသော ကလေးများကျောင်းဟာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိပြီး ရန်ကုန်နှင့် မန္တလေးဆိုပြီး (၂) ကျောင်းရှိပါကြောင်း၊ ဒီကျောင်းတွေဟာဆိုရင် မသန်စွမ်းသူတွေထဲက အကြားအာရုံမသန်စွမ်းသူတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ ကျောင်းများပဲ ဖြစ်ပါကြောင်း၊ ဒီရန်ကုန်ကျောင်းကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့မှာ စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် (၁၀) နှစ်ပြည့်ပြီး ဖြစ်ပါကြောင်း၊ ဒီကျောင်းဟာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိပေမဲ့ အခြားဌာနဆိုင်ရာများကလည်း တတ်အားသရွေ့ပါဝင်ပြီး ကူညီပေးနေတာ သိရတဲ့အတွက်လည်း များစွာကျေးဇူးအထူးတင်ရှိပါတယ် ” ဟု စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်အောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများက နိုင်ငံတကာရင်သွေးလေးများသီချင်း၊ ထာဝရသစ္စာသီချင်း၊ နှင်းချယ်ရီခွန်းဆင့်သီချင်း၊ ရေအိုးယိမ်းအက၊ ရုန်းတော်လွှတ်တော်သီချင်း၊ ဆီမီးခွက်အက စသည့် တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)