တွံတေး နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူမှောင်ခို၊ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှု ပြသနာတွေဟာ ယနေ့ထိတိုင်အောင် မိမိနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း၊ အမျိုးသား၊အမျိုးသမီး၊ ကလေးသူငယ်တွေကို ငွေကြေးနှင့်သွေးဆောင်ဖြားယောင်းပြီး အလုပ်ကြမ်းတွေ လိမ်ညာခိုင်းစေခြင်း၊ငွေကြေးလိမ်ညာမှုပြုခြင်း၊ လိင်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို အလိုမတူခိုင်းစေခြင်း၊ အရွယ်မရောက်သေးသူတွေကို အခြားနိုင်ငံသားတွေနဲ့ ထိမ်းမြားလက်ထပ်စေခြင်းစသော လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်တွေများစွာရှိကြောင်း၊ လူကုန်ကူးမှုဆိုတာ တကယ်တော့ လူ့အသိုက်အဝန်းကို ဆုတ်ယုတ်ပျက်စီးစေကြောင်း၊ လူ့အသိုင်းအဝိုင်းကို လုံခြုံမှုကင်းမဲ့စေကြောင်းနှင့် လူကုန်ကူးမှုကိုတိုက်ဖျက်ဖို့ရာ လူတစ်ဦးချင်းကရော၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကရော ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ကမ္ဘာ့နိုင်ငံအားလုံးက ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းကျော်က လူမှောင်ခို၊ လူကုန်ကူးမှုများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပြီး မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူက လူမှောင်ခို၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အ.ထ.က(၂ ) ကျောင်းအုပ်ဆရာကြီး(ကိုယ်စား) အထက်တန်းပြဆရာ ဦးအောင်စိုးမိုး ဟန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမ ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (ပြန်/ဆက်)