ဥတ္တရသီရိမြို့နယ်၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ သစ်ဝင်တိုင်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက်နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေး မြန်းချက်များအား ပြန်လည်ဖြေကြား ပေးခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်နှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ယင်းနောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များနှင့် ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အဆိုအမိန့်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသည့်အသိပညာ‌ပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)